နရသီဟပတေ့မင်း (အေဒီ ၁၂၅၆ - ၁၂၈၇) သည် ပုဂံမင်းဆက်၏ သမိုင်းစာမျက်နှာတွင် အထင်ကရ အပြောင်းအလဲများကို ဖြစ်ပေါ်စေခဲ့သော နောက်ဆုံးမင်းတပါးဖြစ်သည်။ ပုဂံမင်းဆက် စတုတ္ထမြောက် စည်သူဘွဲ့ခံဖြစ်သောကြောင့် သမိုင်းပညာရှင်အချို့က "စည်သူ (၄)" ဟုလည်း ခေါ်ဝေါ်ကြပြီး၊ ကျောက်စာအထောက်အထားများအရ ဘွဲ့တော်ကို "ဥစ္စနာ" (ဥဇနာ) ဟုလည်း သုံးစွဲခဲ့သည်။ သူ၏ လက်ထက်တွင် နှစ်ပေါင်း (၂၅၀) ဝန်းကျင် သက်တမ်းရှည်ကြာခဲ့သော ပုဂံအင်ပါယာကြီးသည် မွန်ဂို (တရုတ်) တို့၏ ကျူးကျော်စစ်ကြောင့် ပြိုကွဲပျက်စီးခဲ့ရသဖြင့် သမိုင်းတွင် "တရုတ်ပြေးမင်း" ဟူ၍ အမည်ဆိုးဖြင့် ထင်ရှားကျန်ရစ်ခဲ့သည်။
ငယ်ဘဝနှင့် မျိုးရိုးဇာစ်မြစ်
နရသီဟပတေ့ကို ခမည်းတော် ဥဇနာမင်းနှင့် မြစ်သားအရပ်သူ ကိုယ်လုပ်တော် (မိဖုရားစုလည်းထုံး) တို့မှ အေဒီ ၁၂၃၈ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ နန်းလျာမဟုတ်သော သာမန်မင်းသားတပါးသာ ဖြစ်သည်။ ငယ်စဉ်ဘဝတွင် နန်းတွင်း၌ "မင်းခွေးချေး" ဟူသော အမည်ဖြင့် လူသိများသည်။ အချို့သော မှတ်တမ်းများအရ ချေဆတ်တတ်သော ရောဂါကြောင့် အိပ်ရာထဲတွင် အမြဲခွေနေတတ်သဖြင့် "မင်းခွေ" ဟုခေါ်ရာမှ ကာလရွေ့လျောကာ "မင်းခွေးချေး" ဖြစ်လာသည်ဟု ဆိုကြသလို၊ အချို့ကလည်း အန္တရာယ်ကင်းစေရန် အမည်နှိမ့်ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။ တရုတ်ပြေးမင်း၏ အမှားတော်ပုံပေမူတွင်မူ "မင်းခွေနမဿ ရာဇကုမာရဿ" ဟု ရေးသားထားသဖြင့် "မင်းခွေ" အမှန်ဖြစ်ကြောင်း သုံးသပ်ကြသည်။ ထူးခြားချက်မှာ ဗုဒ္ဓမြတ်စွာဘုရား တန့်ကြည်တောင်သို့ ကြွစဉ် အင်ဖက်သုံးချပ်ဖြင့် မိုးကာလှူဒါန်းခဲ့ဖူးသော ကုသိုလ်ကံကြောင့် ပုဂံသမိုင်းတွင် သုံးကြိမ်မင်းဖြစ်သူ (စလေငခွေး၊ ကုလားကျမင်း၊ နရသီဟပတေ့) သုံးဦးအနက် တဦးအပါအဝင်ဖြစ်သည်ဟု ရာဇဝင်ကျမ်းများက ဆိုသည်။
ထီးနန်းရရှိခြင်းနှင့် ကွမ်းဖတ်နိမိတ်
၁၂၅၆ ခုနှစ်၊ မေလတွင် ခမည်းတော် ဥဇနာမင်းသည် ဒလသို့ ဆင်ဖမ်းထွက်စဉ် မတော်တဆမှုဖြင့် နတ်ရွာစံခဲ့သည်။ ထုံးစံအရ မိဖုရားခေါင်ကြီး သုံးလူလ၏ သားတော် သီဟသူသည် ထီးနန်းဆက်ခံရမည် ဖြစ်သော်လည်း အမတ်ကြီး ရာဇသင်္ကြံနှင့် သီဟသူမင်းသားတို့အကြား မသင့်မြတ်မှုက သမိုင်းကို ပြောင်းလဲစေခဲ့သည်။
တခါသော် သီဟသူမင်းသားသည် ကွမ်းစားနေစဉ် အမတ်ကြီးရာဇသင်္ကြံအား ကွမ်းဖတ်နှင့် ထွေးမိပြီး အင်္ကျီလက်ဖျင်တွင် ပေကျံခဲ့ဖူးသည်။ ဥဇနာမင်း လွန်သောအခါ ရာဇသင်္ကြံသည် မှူးမတ်အပေါင်းတို့ရှေ့တွင် ထိုကွမ်းဖတ်ပေနေသော အင်္ကျီကို ထုတ်ပြလျက် "ဤမင်းသားသည် မင်းမဖြစ်မီကပင် ငါတို့ကို မလေးမခန့်ပြု၏။ မင်းဖြစ်လာလျှင် ငါတို့ နေစရာရှိတော့မည်မဟုတ်" ဟု စည်းရုံးကာ သီဟသူမင်းသားကို ဖမ်းဆီးကွပ်မျက်စေခဲ့သည်။ ထို့နောက် သူတို့ ကြိုးဆွဲရာကမည့် မင်းသားငယ် မင်းခွေးချေးကို ၁၂၅၆ ခုနှစ်၊ မေလ (၆) ရက်နေ့တွင် နန်းတင်ခဲ့သည်။ ၁၂၅၆ ခုနှစ် နိုဝင်ဘာလတွင် ခမည်းတော်၏ ကိုယ်လုပ်တော်ကြီး မိဖုရားစော (စောလှဝန်း) နှင့် ဘိသိက်ခံကာ "သီရိတြိဘုဝနာဒိတျာ ပဝရဓမ္မရာဇာ" ဘွဲ့ဖြင့် ထီးနန်းစိုးစံခဲ့သည်။
အုပ်ချုပ်ရေး၊ စရိုက်သဘာဝနှင့် ကုသိုလ်ပြုပုံ
နရသီဟပတေ့သည် နန်းတက်စတွင် မိမိအား နန်းတင်ပေးခဲ့သော ကျေးဇူးရှင် အမတ်ကြီး ရာဇသင်္ကြံကိုပင် ပြည်နှင်ဒဏ်ပေးခဲ့သဖြင့် ကျေးဇူးကန်းသူ၊ မောက်မာသူအဖြစ် အဆိုရှိသည်။ သို့သော် မုတ္တမနှင့် ရခိုင်ဒေသတို့တွင် ပုန်ကန်မှုများ ဖြစ်ပွားလာသောအခါ ရာဇသင်္ကြံကို ပြန်လည်ခေါ်ယူ၍ နှိမ်နင်းစေခဲ့ရသည်။ ရာဇသင်္ကြံသည် စစ်အောင်နိုင်ခဲ့သော်လည်း ဒလမြို့၌ပင် ကွယ်လွန်ခဲ့ရာ နရသီဟပတေ့အတွက် ထိန်းကျောင်းပေးမည့်သူ မရှိတော့ပေ။
ထိုမင်း၏ စရိုက်သဘာဝမှာ စိတ်ကြမ်းကိုယ်ကြမ်းရှိပြီး အမျက်ဒေါသကြီးမားသဖြင့် "ဘီလူး" ဟုပင် တင်စားခေါ်ဝေါ်ခြင်း ခံရသည်ဟု ဆိုသည်။ မြန်မာအများစုက အစားအသောက် လွန်စွာကြူးသူဖြစ်ပြီး ဟင်းခွက် (၃၀၀) ဖြင့် ပွဲတော်တည်လေ့ရှိသည်ဟူသော သူ့အကျင့်ကို သိကြသည်။ ပြည်တွင်းရေးတွင်လည်း ဘိုးတော်၊ ခမည်းတော်တို့ လက်ထက်ကတည်းက ဘာသာရေးမြေများ ကင်းလွတ်ခွင့်ကြောင့် တစတစ လျော့နည်းလာသော ဘဏ္ဍာရေးပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိပေ။ သို့သော် အဘိုးဖြစ်သူ ပန်းပွတ်သည်ကြီးအား ရည်စူး၍ ပန်းပွတ်ပုထိုးတော်ကြီးကို တည်ထားခဲ့သည်။ ထင်ရှားသော ကုသိုလ်တော်မှာ မင်္ဂလာစေတီတော် ဖြစ်သည်။ အဘိုးဖြစ်သူ ကျစွာမင်းကဲ့သို့ ပြည်သူကို မညှဉ်းဆဲလိုစိတ် မရှိဘဲ လုပ်အားပေးခိုင်းစေကာ (၆) နှစ်ကြာ တည်ဆောက်ခဲ့ရသဖြင့် "ဘုရားလည်းပြီး၊ ပြည်ကြီးလည်းပျက်" ဟူသော တဘောင်စကားများ ပေါ်ပေါက်ခဲ့သည်။
မွန်ဂိုကျူးကျော်စစ်နှင့် အင်ပါယာပြိုကွဲခြင်း
နရသီဟပတေ့လက်ထက် အကြီးမားဆုံးသော ကပ်ဘေးမှာ မြောက်ဖက်မှ မွန်ဂို (ယွမ်မင်းဆက်၊ တာတာ) တို့၏ ကျူးကျော်မှုဖြစ်သည်။
သံတမန်ရေးတင်းမာမှု (၁၂၇၁-၁၂၇၃) - ၁၂၇၁ ခုနှစ်တွင် ကုဗလိုင်ခန်က ပုဂံကို သစ္စာခံရန် သံတမန်စေလွှတ်ခဲ့သော်လည်း ငြင်းပယ်ခဲ့သည်။ ၁၂၇၂ ခုနှစ်တွင် ပုဂံတပ်များက မွန်ဂိုသစ္စာခံ "ရွှေသွား" (Gold Teeth) လူမျိုးစုများကို တိုက်ခိုက်ပြီး ခေါင်းဆောင်၏ဖခင် အာပိ (A-bi) ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ၁၂၇၃ ခုနှစ်တွင် မွန်ဂိုသံတမန်များ ထပ်မံရောက်ရှိလာရာ အမတ်တို့က တားမြစ်သည့်ကြားမှ သံတမန်တို့ကို ကွပ်မျက်လိုက်ခြင်းဖြင့် စစ်မီးကို မွှေးခဲ့သည်။
ငဆောင်ချမ်းတိုက်ပွဲ (၁၂၇၇) - ၁၂၇၇ ခုနှစ်၊ ဧပြီလတွင် အနန္တပစ္စည်း ဗိုလ်မှူးပြုသော ပုဂံတပ်များနှင့် မွန်ဂိုတပ်တို့ ငဆောင်ချမ်း (ယခုခေတ် ယင်းကျန်း) တွင် တိုက်ပွဲဖြစ်ပွားရာ ပုဂံတပ်များ အရေးနိမ့်ခဲ့သည်။ မွန်ဂိုတို့သည် ကောင်းစင် (Kaungsin/Jiangtou) အထိ ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း ရာသီဥတုပူပြင်းမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည်။
ကျူးကျော်စစ်အရှိန်မြှင့်ခြင်း (၁၂၈၃-၁၂၈၅) - ၁၂၈၃ ခုနှစ်တွင် မွန်ဂိုတပ်များ ဒုတိယအကြိမ် ချီတက်လာပြီး ကောင်းစင်နှင့် တကောင်းတို့ကို သိမ်းပိုက်လိုက်သည်။ ၁၂၈၅ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်ဂိုတပ်များသည် ဟန်လင်းအထိ ရောက်ရှိလာသည်။
ထွက်ပြေးတိမ်းရှောင်ခြင်းနှင့် ဘဝနိဂုံး
ရန်သူများ ပုဂံမြို့အနီးသို့ ချဉ်းကပ်လာသောအခါ နရသီဟပတေ့မင်းသည် မြို့တော်ကို စွန့်ခွာ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ပြည်မြို့အနောက်ဘက် လှည်းကျအရပ်၊ ထိုမှတဆင့် ပုသိမ်မြို့အထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယင်းသို့ ထွက်ပြေးသည်ကို အစွဲပြု၍ "တရုတ်ပြေးမင်း" ဟု သမိုင်းတွင်ခဲ့တော့သည်။ အောက်ပြည်အရပ်တွင် သားတော်များဖြစ်သော ဥဇနာ (ပုသိမ်စား)၊ ကျစွာ (ဒလစား) နှင့် သီဟသူ (ပြည်စား) တို့ ရှိကြသော်လည်း မင်းကြီးမှာ မည်သူ့ကိုမျှ မယုံကြည်ရဲ ဖြစ်နေခဲ့သည်။ ထိုအချိန်တွင် ဟံသာဝတီ (ပဲခူး) နှင့် မုတ္တမမှ မွန်တို့ကလည်း ပုန်ကန်သဖြင့် အောက်မြန်မာပြည် တခုလုံးလည်း မငြိမ်မသက် ဖြစ်နေသည်။
နောက်ဆုံးတွင် နရသီဟပတေ့သည် မွန်ဂိုတို့နှင့် ပြေငြိမ်းရန် ဆုံးဖြတ်ပြီး ၁၂၈၅ ခုနှစ် ဒီဇင်ဘာလတွင် အနန္တပစ္စည်းနှင့် မဟာဗိုလ်တို့ကို စေလွှတ်၍ အပစ်အခတ်ရပ်စဲရေး စကားဆိုစေသည်။ မြန်မာမှ မြောက်ပိုင်းဒေသကို ကျင့်မီယန် (Zhengmian / Cheng-Mien) ဟု အမည်ပေးကာ အစောင့်အရှောက်ခံ နယ်မြေအဖြစ် စုစည်းထားသည့် ဟန်လင်းရှိ မွန်ဂိုစစ်ခေါင်းဆောင်များက အပစ်အခတ်ရပ်စဲရေးကို သဘောတူခဲ့သော်လည်း အလုံးစုံ လက်နက်ချ အပ်နှံရန် ဆိုခဲ့သည်။ သူတို့သည် ၁၂၈၁ ခုနှစ်က တောင်းဆိုခဲ့သည့်အတိုင်း မြန်မာဘုရင်အား မွန်ဂိုဧကရာဇ်ထံသို့ တရားဝင် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် ထပ်မံတောင်းဆိုခဲ့သည်။
၁၂၈၆ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ညှိနှိုင်းရေးမှူးများအကြား ယာယီသဘောတူညီချက်တရပ် ရရှိခဲ့သည်။ ယင်းသဘောတူညီချက်အရ ဗဟိုမြန်မာနိုင်ငံကို "မိယန်ကျုံး" (Mianzhong/Chung) ဟုခေါ်သော လက်အောက်ခံ နယ်မြေခရိုင်အဖြစ် စုစည်းမည်ဖြစ်ပြီး မြန်မာဘုရင်က ဧကရာဇ်ထံသို့ တရားဝင် သံအဖွဲ့ စေလွှတ်ရမည်ဖြစ်သည်။ ၁၂၈၆ ခုနှစ် ဇွန်လတွင် ကြာမြင့်စွာ စဉ်းစားဆုံးဖြတ်ပြီးနောက် မြန်မာဘုရင်သည် အဆိုပါ စည်းကမ်းချက်များကို သဘောတူရန် ဆုံးဖြတ်ခဲ့ပြီး ရှင်ဒိသာပါမောက်ကို ခေါင်းဆောင်စေကာ တူတယ် (ပေကျင်း) ရှိ ကူဗလိုင်ခန် ဧကရာဇ်မင်း၏ နန်းတော်သို့ သံအဖွဲ့ စေလွှတ်ခဲ့သည်။
၁၂၈၇ ခုနှစ် ဇန်နဝါရီလတွင် သံအဖွဲ့သည် ပေကျင်းသို့ ရောက်ရှိခဲ့ပြီး ဧကရာဇ်မင်းက လက်ခံတွေ့ဆုံခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့သည် မွန်ဂိုတို့၏အာဏာကို တရားဝင် အသိအမှတ်ပြုခဲ့ပြီး နိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များနှင့် ဆက်စပ်သည့် နှစ်စဉ် အခွန်ဘဏ္ဍာ ပေးဆောင်ရန် သဘောတူခဲ့သည်။ မြောက်ပိုင်းမြန်မာနိုင်ငံကို ကျင့်မိယန်အဖြစ် ဆက်လက်ဖွဲ့စည်းထားမည်ဖြစ်ပြီး မြန်မာအလယ်ပိုင်းဒေသကို မိယန်ကျုံးအဖြစ် ဆက်ဖွဲ့စည်းထားမည်ဖြစ်သည်။ အပေးအယူအနေဖြင့် ဧကရာဇ်မင်းက သူ့တပ်များကို ရုပ်သိမ်းရန် သဘောတူခဲ့သည်။ မြန်မာသံအဖွဲ့သည် ၁၂၈၇ ခုနှစ် မေလတွင် ပြန်လည်ရောက်ရှိပြီး ဘုရင်အား သဘောတူညီချက်များကို တင်ပြခဲ့သည်။
သို့သော် ကံကြမ္မာသည် မင်းကြီးဖက်၌ မရှိတော့ပေ။ ပုဂံသို့ ပြန်လည်စိုးစံရန် လှည်းကျမှ ဆန်တက်လာစဉ် ပြည်မြို့အရောက်တွင် သားတော် ပြည်စား သီဟသူက ဖမ်းဆီးခဲ့သည်။ သီဟသူသည် ငယ်စဉ်က "ဝက်လက်ခိုးမသား" ဟု ခမည်းတော်၏ ကျီစားခေါ်ဝေါ်ခြင်း ခံခဲ့ရဖူးသည်ကို မကျေနပ်ချက် ရှိနေသူဖြစ်သည်ဟု ရေးကြသည်။ ၁၂၈၇ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် သီဟသူသည် ခမည်းတော်အား အဆိပ်ခတ်ထားသော ပွဲတော်အုပ်ကို ဆက်သသည်။ မင်းကြီးသည် မလွန်ဆန်နိုင်ကြောင်း သိရှိသဖြင့် "ငါ့နောင်ဖြစ်လေရာ ဘဝအဆက်ဆက်တွင် သားယောက်ျား မရလို" ဟု ဆုတောင်းကာ အဆိပ်ပွဲတော်ကို သုံးဆောင်၍ နတ်ရွာစံ ကံကုန်ခဲ့ရသည်ဟု ဆိုပါသည်။
နရသီဟပတေ့ လွန်ပြီးနောက် ပုဂံအင်ပါယာကြီးသည် လုံးဝပြိုကွဲသွားခဲ့သည်။ မွန်ဂိုတပ်များ၏ တိုက်ခိုက်မှုကြောင့် နဂိုတည်းက ယိုယွင်းနေသည့် ပုဂံနေပြည်တော် ပျက်စီးခဲ့ရသည် (မွန်ဂိုတို့ကမူ ပုဂံကို မိမိတို့ စောင့်ရှောက်ထားခဲ့သည်ဟု ဆိုသည်ကိုလည်း ဗီယက်နမ်ဘက်သို့ လွှတ်သည့် မွန်ဂိုသံမှတ်တမ်းတွင် တွေ့သည်)။ ဟံသာဝတီ၊ ရခိုင်နှင့် သျှမ်းမင်းများ (မြင်စိုင်း၊ ပင်းယ) ၏ ခေတ်သစ်တခုသို့ ကူးပြောင်းသွားခဲ့ရာ နှစ်ပေါင်းရာချီ မဏ္ဍလငယ်များသာ စိုးမိုးမှုရှိသည့်ခေတ်သို့ ရောက်လာလေတော့မည်။
Comments
Post a Comment