ရာဇာဓိရာဇ (ရာဇာဓိရာဇ်) ကို မွန်ဘုရင် ဗညားဦးနှင့် မိဖုရားမွေးမနိတ်တို့မှ ၁၃၆၈ ခုနှစ်တွင် ဟံသာဝတီ (ပဲခူး) ၌ ဖွားမြင်တော်မူခဲ့ပြီး၊ ငယ်မည်မှာ ဗညားနွဲ့ ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းကပင် မင်းတို့၏စရိုက်လက္ခဏာအတိုင်း သတ္တိရှိပြီး ခေါင်းမာကာ၊ စာပေသင်ကြားခြင်းထက် ဆင်စီးမြင်းစီးနှင့် စစ်ရေးလေ့ကျင့်ခြင်းကို ပိုမိုနှစ်သက်ခဲ့သည်။ ဖခင် ဗညားဦးနှင့် အဆင်မပြေခဲ့ဘဲ၊ ဖခင်၏မိဖုရားငယ်များကို မလေးမစားလုပ်သဖြင့် အဖမ်းခံရမည်ဖြစ်ရာ ဒဂုံ (ရန်ကုန်) သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဒဂုံမြို့တွင် ရဲဘော်သုံးကျိပ်အလား လူငယ် ၃၀ ခန့်ဖြင့် အင်အားစတင်စုစည်းခဲ့ပြီး၊ နောင်အခါ နာမည်ကျော်စစ်သူကြီးများ ဖြစ်လာမည့် အမတ်ဒိန်၊ လဂွန်းအိမ် စသူတို့ ပါဝင်ခဲ့သည်။
၁၃၈၄ ခုနှစ်တွင် ခမည်းတော် ဗညားဦး နတ်ရွာစံသည့်အခိုက် ဟံသာဝတီ၌ ပုန်ကန်မှုများ ဖြစ်ပွားနေသောကြောင့်၊ ဗညားနွဲ့သည် ဒဂုံမှ ပြန်လာကာ ပုန်ကန်သူများကို နှိမ်နင်းပြီး ထီးနန်းကို သိမ်းပိုက်ခဲ့သည်။ "ရာဇာဓိရာဇ်" (မင်းတို့၏ မင်း) ဟူသော ဘွဲ့မည်ကို ခံယူချိန်တွင် အသက် ၁၆ နှစ်သာ ရှိသေးသည်။ ထိုစဉ် မုတ္တမစား လောက်ဖြားက အင်းဝဘုရင် စွာစော်ကဲနှင့် ပူးပေါင်းပုန်ကန်ရာမှ သမိုင်းတွင်သော "အင်းဝ-ဟံသာဝတီ အနှစ် ၄၀ စစ်ပွဲကြီး" အစပျိုးခဲ့လေသည်။
ရာဇာဓိရာဇ်၏ ဘဝတလျှောက်လုံးသည် စစ်ပွဲများနှင့် ပြည့်နှက်နေခဲ့သည်။ သူသည် စစ်ပရိယာယ်ကြွယ်ဝပြီး သတ္တိဗျတ္တိနှင့် ပြည့်စုံသူဖြစ်ရာ အင်းဝတပ်များကို အကြိမ်ကြိမ် တွန်းလှန်နိုင်ခဲ့သည်။ ၁၃၉၀ ပြည့်နှစ်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများကို ပြန်လည်သိမ်းပိုက်ပြီး မွန်သုံးရပ် (ပဲခူး၊ ပုသိမ်၊ မုတ္တမ) ကို တစုတစည်းတည်း ဖြစ်စေခဲ့သည်။
သူ၏လက်အောက်တွင် လဂွန်းအိမ်၊ အမတ်ဒိန်၊ သမိန်ဗရမ်း ကဲ့သို့သော အလွန်ထူးချွန်သည့် စစ်သူကြီးများ ပေါ်ထွက်ခဲ့သည်။ ရာဇာဓိရာဇ်သည် လူကိုအကဲခတ်တတ်ပြီး အရည်အချင်းရှိသူကို နေရာပေးရာ၌ နှောင့်နှေးခြင်းမရှိပေ။ သာမန်တံငါသည်လေးဖြစ်သူ သမိန်ဗရမ်းကိုပင် အရည်အချင်းမှန်ကို မြင်ကာ မြှောက်စားခဲ့ရာ၊ နောင်တွင် တရုတ်စစ်သူကြီး ဂါမဏိကို စီးချင်းတိုက်၍ အနိုင်ယူနိုင်သည်အထိ ဖြစ်ခဲ့သည်။
အင်းဝဘုရင် မင်းခေါင်နှင့် သူ၏သားတော် မင်းရဲကျော်စွာတို့နှင့် ဖြစ်ပွားသော စစ်ပွဲများမှာ အပြင်းထန်ဆုံး ဖြစ်သည်။ မင်းရဲကျော်စွာသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံပြီး ရာဇာဓိရာဇ်၏ အဓိကပြိုင်ဘက် ဖြစ်ခဲ့သည်။ တချိန်က ဒလမြို့ကို မင်းရဲကျော်စွာ ဝိုင်းရံထားစဉ် ရာဇာဓိရာဇ်ကိုယ်တိုင် မိဖုရားနှင့်အတူ လှေငယ်ဖြင့် အသက်လု ထွက်ပြေးခဲ့ရသည်အထိ အရေးနိမ့်ခဲ့ဖူးသည်။
သို့သော် ၁၄၁၅ ခုနှစ်တွင် အလှည့်အပြောင်းဖြစ်ခဲ့သည်။ ဒလမြို့အနီးတိုက်ပွဲတွင် ရာဇာဓိရာဇ်၏တပ်များက ခြုံခိုတိုက်ခိုက်ရာ မင်းရဲကျော်စွာ ဆင်ပေါ်မှကျပြီး အဖမ်းခံခဲ့ရသည်။ ရာဇာဓိရာဇ်သည် ရန်သူဖြစ်သော်လည်း မင်းရဲကျော်စွာ၏ ရဲစွမ်းသတ္တိကို လေးစားသည့်အတွက် သားတယောက်ကဲ့သို့ ပြုစုကုသစေခဲ့သည်။ သို့သော် ဒဏ်ရာပြင်းထန်သဖြင့် မင်းရဲကျော်စွာ ကွယ်လွန်သွားသောအခါ ဘုရင်တို့ထုံးစံအတိုင်း ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့သည်။ ထိုသတင်းကို ကြားသောအခါ အင်းဝဘုရင် မင်းခေါင်လည်း စိတ်ဓာတ်ကျကာ မကြာမီ နတ်ရွာစံခဲ့သည်။
ရာဇာဓိရာဇ်တွင် ထူးခြားသော အကျင့်စရိုက်များ ရှိခဲ့သည်။ သူသည် စိတ်မြန်လက်မြန်ရှိသူဖြစ်ရာ သားတော်ကြီး ဘောလောကျန်းအား သံသယဖြင့် ကွပ်မျက်ခဲ့ပြီးမှ အမှားကိုသိကာ ကြီးစွာနောင်တရခဲ့ဖူးသည်။ သူ၏သမီးတော် ရှင်စောပုကို အင်းဝသို့ ပို့ဆက်ရခြင်းမှာ ထိုဝဋ်ကြွေးကြောင့်ဟုလည်း ဆိုကြသည်။ သူသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သော်လည်း အယူသည်းမှုများ၊ နတ်ကိုးကွယ်မှုများလည်း ရှိခဲ့သည်။
သူ၏ကွယ်လွန်ပုံမှာလည်း သမိုင်းတွင် ပြောစမှတ်ဖြစ်လောက်အောင် ဆန်းကြယ်လှသည်။ ၁၄၂၃ ခုနှစ်တွင် ဆင်စီး၍ အမဲလိုက်ထွက်စဉ် ဆင်က သစ်ပင်နှင့် ပွတ်မိရာမှ ခြေထောက်တွင် ဒဏ်ရာရခဲ့သည်။ ထိုဒဏ်ရာ မကျက်ဘဲ ပြည်တည်ကာ အသက် ၅၄ နှစ်အရွယ်တွင် နတ်ရွာစံခဲ့သည်။
ရာဇာဓိရာဇ်သည် မွန်လူမျိုးတို့၏ ဇာတိမာန်ကို နိုးကြားစေခဲ့သူဖြစ်ပြီး၊ သူ၏ဘဝဇာတ်ကြောင်းကို မှတ်တမ်းတင်ထားသော "ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း" မှာ မြန်မာစာပေတွင် ထင်ရှားသော စစ်မဟာဗျူဟာကျမ်း တစောင် ဖြစ်သည်။ ထို့ကြောင့် ရာဇာဓိရာဇ်အား "မွန်တို့၏ အရှင်သခင်"၊ "စစ်ဘုရင်" အဖြစ် သမိုင်းက မော်ကွန်းတင်ခဲ့ရခြင်း ဖြစ်သည်။
Comments
Post a Comment